ဆယ်တန်းတုန်းက သူငယ်ချင်းတစ်ယောက် ရှိတယ်။
သူက ဆရာဝန် သိပ်ဖြစ်ချင်တာ။
စာလည်း တော်တယ်။ ကြိုးလည်း ကြိုးစားတယ်။
ကံဆိုးချင်တော့ ဆယ်တန်းစာမေးပွဲအပြီး အမှတ်စာရင်း ထွက်ချိန်မှာ ဆေးတက္ကသိုလ် ဝင်ခွင့်ကို တစ်မှတ်နဲ့ ကပ်ပြုတ်တယ်။
ငယ်ငယ်လေးကတည်းက စိတ်ကူးယဉ်ခဲ့ရတဲ့ သူ့အိပ်မက်တွေ ပျက်သုဉ်းသွားပြီ။
သူ ဆရာဝန်ဖြစ်ချင်တာက မိဘက ဖြစ်စေချင်လို့၊ ဂုဏ်လို ချင်လို့………..
ဒီလိုမဟုတ်ပဲ သူကိုယ်တိုင် တကယ့်ကို ဝါသနာ ပါတာကြောင့် ဖြစ်ပါတယ်။
ဆေးတက္ကသိုလ် တက်ခွင့်မရတော့လို့ သူ အဝေးသင်ပဲ ယူတယ်။
နောက် အဂ်လိပ်စာ ဖိလုပ်တယ်။ နိုင်ငံခြား စကော်လာတွေ လိုက်လျှောက်တယ်။
ချက်ချင်းကြီး အောင်မြင်ခဲ့တာ မဟုတ်ပါဘူး။
သူများတွေ ပျော်နေပါးနေချိန်မှာ သူကတော့ စကော်လာရဖို့ အတွက် အပြင်းအထန် ကြိုးစားခဲ့ရတယ်။
နောက်ဆုံးတော့ နိုင်ငံခြားတက္ကသိုလ်တစ်ခုမှာ စကော်လာနဲ့ ဆေးပညာလေ့လာခွင့် ရခဲ့ပါတယ်။
သူ့အိပ်မက်တွေကို သူကိုယ်တိုင် သူ့အားသူကိုးပြီး အကောင်အထည် ဖော်နိုင်ခဲ့တာပါ။
သူသာ ဆယ်တန်းအမှတ်နဲ့ မြန်မာပြည်ဆေးတက္ကသိုလ် မမီလို့ စိတ်ဓာတ်ကျပြီး အရှုံးပေးလိုက်ရင် အခုလိုမျိုး သူ့အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်တော့မှာ မဟုတ်ပါဘူး။
မိတ်ဆွေအနေနဲ့လည်း မိတ်ဆွေရဲ့ အိပ်မက်တွေ မအောင်မြင်ခဲ့လို့ စိတ်ဓာတ်ကျမနေပါနဲ့။
ပန်းတိုင်ဆီရောက်ဖို့ ဒီတစ်လမ်းထဲ ရှိတာ မဟုတ်ပါဘူး။
လမ်းကို ရှာဖွေနေရင် တစ်ချိန်ချိန်တော့ တွေ့မှာပါ။
မှတ်ထားပါ…………..
လမ်းဆုံးဆိုတာ မရှိပါဘူး။