လူတစ်ယောက်ဟာ ရင့်ကျက်တဲ့ သူဖြစ်မဖြစ် ဘာကို ကြည့်ပြီး ဆုံးဖြတ်နိုင်မလဲ။
အသက်ကြီးတာနဲ့ ရင့်ကျက်တဲ့သူလို့ ခေါ်ဆိုနိုင်မလား။
ကျွန်တော့်အမြင်အရတော့ အသက်ကြီးခြင်း၊ ငယ်ခြင်းနဲ့ ရင့်ကျက်ခြင်းဟာ မသက်ဆိုင်ဘူးလို့ မြင်တယ်။
ဒီလိုဆို ဘယ်လို လူက ရင့်ကျက်တဲ့သူ ဖြစ်မလဲ။
၁။ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိတဲ့သူ
- လူရယ်လို့ ဖြစ်လာရင်တော့ မိမိ တာဝန်ယူရတဲ့ အပိုင်းတွေကတော့ ရှိစမြဲပါ။ ဒီလို တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်မယ်။ အမှားအယွင်းဖြစ်ခဲ့ရင်လည်း တာဝန်ယူမယ်။ ဒီလိုလူကို ရင့်ကျက်သူလို့ မြင်ပါတယ်။
၂။ မိမိ ဘဝကို ကျေနပ်သူ
- မရင့်ကျက်တဲ့သူကတော့ ကိုယ့်ဘဝကို အခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး စိတ်ဒုက္ခ ရှာနေကြတယ်။ ရင့်ကျက်တဲ့သူကတော့ ကိုယ့်ဘဝကို ကျေနပ်တယ်။ ရှင်သန်ရခြင်းရဲ့တန်ဖိုးကို ကောင်းစွာ နားလည်တယ်။
၃။ သူတစ်ပါးကို အပြစ်မတင်သူ
- ရင့်ကျက်တဲ့သူတွေဟာ မိမိဘဝမှာ ဖြစ်ပျက်နေတဲ့ ကိစ္စအားလုံးဟာ မိမိကြောင့်သာ ဖြစ်တယ်လို့ လက်ခံထားကြတယ်။ အခြားမရင့်ကျက်တဲ့သူတွေလိုမျိုး မချမ်းသာလို့၊ မအောင်မြင်လို့၊ မိဘကို အပြစ်တင်၊ ခေတ်အခြေအနေကို အပြစ်မြင်နေသူတွေထဲ မပါဘူး။ ရင့်ကျက်သူတွေဟာ ရနိုင်သမျှ အခွင့်အလမ်းတွေကို ကောင်းစွာ အသုံးချပြီး ကြိုးစားနေသူတွေ ဖြစ်တယ်။
၄။ ကျေးဇူးတရားကို နားလည်သူ
- ရင့်ကျက်သူတွေဟာ တစ်လုတ်စားဖူး၊ သူ့ကျေးဇူး ဆိုတာကို ကောင်းစွာ နားလည်ကြတယ်။ မိမိကို လူတစ်လုံးသူတစ်လုံး ဖြစ်အောင် စောင့်ရှောက်ပေးခဲ့ကြတဲ့ မိဘ၊ ဆရာတွေရဲ့ ကျေးဇူးကိုသာမက ဒုက္ခရောက်နေချိန် ကူညီပေးခဲ့ကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေရဲ့ ကျေးဇူးကို မမေ့ဘူး။ နိုင်သလောက် ကျေးဇူးပြန်ဆပ်တယ်။
ဒီလိုလူတွေဟာ ရင့်ကျက်တဲ့ သူတွေလို့ မြင်တယ်။
မိတ်ဆွေရော ရင့်ကျက်တဲ့သူ ဖြစ်ပြီလား???