“သင့်အနာဂတ်ကို ခန့်မှန်းနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့
သင်ကိုယ်တိုင် ဖန်တီးဖို့ပါ”
(အေဗရာဟမ် လင်ကွန်း)
လူတိုင်းက ကိုယ့်အနာဂတ်ကို သိပ်သိချင်ကြတယ်။ သိပ်ပြီး ခန့်မှန်းချင်ကြတယ်။
နောက်လ ဘာဖြစ်မလဲ။ နောက်နှစ် ဘာဖြစ်မလဲ။ နောက် ငါးနှစ်မှာ ဘာဖြစ်မှာလဲ။
ကိုယ်လိုချင်တဲ့ အလုပ်ရပါ့မလား။ ကိုယ်လိုချင်တဲ့ နေရာမှာ နေရပါ့မလား။
ဒီလို အနာဂတ်ကို သိချင်တဲ့သူ များတဲ့အတွက်လည်း အနာဂတ်ကို ဟောကိန်းထုတ်တဲ့ ဗေဒင်ဆရာ၊ လက္ခဏာဆရာတွေ၊ အကြားအမြင်ဆရာတွေ အလုပ်ဖြစ်နေတာပါ။
အနာဂတ်ကို ဘယ်လောက်ပဲ ဟောကိန်းထုတ်ထုတ်၊ အဲ့ဒီအတိုင်း ဖြစ်လာမယ်လို့ ဘယ်သူမှ အာမမခံပါဘူး။
နောက် ဆယ်နှစ်အကြာမှာ သူဌေးဖြစ်မယ်လို့ ဗေဒင်ဆရာက ဟောကိန်းထုတ်နေပေမယ့် ကိုယ်က အလုပ်မကြိုးစားပဲ အိပ်နေမယ်၊ အပျင်းထူနေမယ်ဆိုရင် တကယ်ဖြစ်လာမှာ မဟုတ်ပါဘူး။
အနာဂတ်ကို ခန့်မှန်းဖို့၊ ကြိုသိဖို့ ကြိုးစားနေတာထက်စာရင် ကိုယ်ဖြစ်ချင်တဲ့ အနာဂတ်ကို ကိုယ်တိုင် ဖန်တီးတာက ပိုကောင်းပါလိမ့်မယ်။
ဆိုပါစို့။
မိတ်ဆွေဟာ အလုပ်ကောင်းကောင်းလိုချင်ရင် ယတြာချေလို့၊ ဘုရားမှာ ဆုတောင်းနေရုံသက်သက်နဲ့တော့ ရလာမှာ မဟုတ်ပါဘူး။ အလုပ်အတွက် လိုအပ်တဲ့ အရည်အချင်းတွေ ပြည့်မီမှသာ အလုပ်ရမှာပါ။
သူဌေးဖြစ်ချင်ရင် သူဌေးဖြစ်အောင် ကြိုးစားမှ၊
ပညာရှင်ဖြစ်ချင်ရင် ပညာရှင် ဖြစ်အောင် ကြိုးစားမှ၊
သမ္မတဖြစ်ချင်ရင် သမ္မတဖြစ်အောင် ကြိုးစားမှ၊
ကြိုးစားမှသာ အိပ်မက်တွေ၊ အနာဂတ်တွေက တကယ် ဖြစ်လာမှာပါ။