လူတစ်ယောက်က ဆင်စခန်းတစ်ခုကို အလည်လာခိုက် ဆင်တွေကို လှောင်အိမ်ထဲမှာလည်း မထည့်၊ သံကြိုးတွေနဲ့လည်း ချည်မထားတာကို တွေ့ရတယ်။
ဆင်တွေရဲ့ ခြေထောက်ကို ရိုးရိုးကြိုးတစ်ချောင်းနဲ့ပဲ ချည်ထားတာ သူတွေ့ရတယ်။ အဲ့ဒီတော့ သူက အံ့သြသွားတယ်။ ဘာဖြစ်လို့ ဆင်တွေက ဒီလို ကြိုးလေးတစ်ချောင်းတည်း ချည်ထားတာကနေ ရုန်းမထွက်သွားတာလဲ။ သူ့အားနဲ့ဆို အေးအေးဆေးဆေး ရုန်းထွက်လို့ရနေတာကို ဘာဖြစ်လို့ မထွက်တာလဲ။
ဒီလိုတွေ တွေးရင်း ဆင်ထိန်းကို သူမေးကြည့်တယ်။
ဒီအခါ ဆင်ထိန်းက ပြောတယ်။
“သူတို့ ငယ်ငယ်လေးကတည်းက ဒီအရွယ်အစားလောက်ရှိတဲ့ ကြိုးနဲ့ချည်ထားတာ။ အရွယ်ငယ်သေးတော့ ကြိုးကနေ ရုန်းထွက်ဖို့ ခွန်အားမရှိသေးဘူးပေါ့။ အမြဲတမ်း ဒီကြိုးနဲ့ပဲ ချည်ထားတာကြာတော့ သူတို့တွေ အရွယ်ရောက်လို့ ခွန်အားတွေကြီးလာကြပေမယ့်လည်း ဒီကြိုးကနေ ရုန်းမထွက်နိုင်ဘူးလို့ ထင်နေကြတာလေ။ ဒါကြောင့်မို့လို့ ဒီကောင်တွေ ထွက်မပြေးကြတာပေါ့”
အမှန်တော့ ဆင်တွေကို ကြိုးကနေ ရုန်းမထွက်နိုင်အောင် လုပ်ထားတဲ့ အဓိက အရာက “မလွတ်မြောက်နိုင်ဘူး” လို့ ထင်နေတဲ့ ယုံကြည်ချက်ပါ။
ကျွန်တော်တို့ လူသားတွေဆီမှာလည်း ဒါမျိုးအများကြီး ရှိပါတယ်။
တစ်ခုခုဆို ငါမလုပ်နိုင်ဘူး။ မလုပ်တတ်ဘူး။ မလုပ်ရဲဘူး။ ဒါတွေနဲ့ပဲ လမ်းဆုံးနေကြပါတယ်။
“Comfort Zone” ထဲက ထွက်ဆိုတာ ဒါကို ပြောကြတာပါ။ တကယ်လိုအပ်ပေမယ့် မလုပ်နိုင်ဘူးလို့ ထင်တဲ့ အယူအဆတွေ ဖျောက်ပစ်ပါ။ သူများလုပ်နိုင်ရင် ကိုယ်လည်း လုပ်နိုင်ရပါမယ်။
အလုပ်မှာ ရာထူးတိုးဖို့၊ လစာတိုးဖို့ ….အင်္ဂလိပ်စာ လိုအပ်တယ်။ ပာာ…..ငါတော့ အသက်ကြီးပြီ။ အခုချိန်မှ သင်ရင် မဖြစ်နိုင်တော့ဘူး……….ဒီလို အတွေးတွေ။
သူက လုပ်နိုင်မှာပေါ့။ သူ့မှာက ဘာတွေရှိလို့။ ငါ့မှာတော့ ဘာတွေ မရှိလို့ မလုပ်နိုင်တာ……ဒီလို အတွေးတွေ။
ဒီလိုအတွေးတွေကြောင့် ကိုယ်က ပိုပိုပြီး သူများတွေ နောက် ကျန်ခဲ့ပါလိမ့်မယ်။ ကြိုးကွင်းကနေ ရအောင် ရုန်းထွက်ပါ။ အတွေးတွေကို ပြောင်းလဲပါ။
အင်္ဂလိပ်စာ လိုရင် ရအောင် သင်ပါ။ ငါတော့ ဘာမရှိ၊ ဘာဖြစ်နေလို့ ဆိုတာမျိုး မတွေးပါနဲ့။
အခု ရေတွင်းတူး၊ အခု ရေကြည်သောက်လို့တော့ မရနိုင်ပါ။ အချိန်တစ်ခုတော့ ပေးရပါမယ်။
ပညာရပ်တစ်ခုကို ငါးနှစ်လောက် အချိန်ပေးပြီး လေ့လာရင် လက်မထောင်နိုင်ပါလိမ့်မယ်။ လုပ်ချင်စိတ်သာ လိုပါတယ်။
ဒါကြောင့်မို့လို့ ငါမလုပ်နိုင်ဘူး ဆိုတဲ့ အတွေးတွေကို ဖျောက်ပါ။
ကြိုးကွင်းကနေ ရအောင် ရုန်းထွက်ကြပါ